ရှမ်းရိုးမထက်က_ထင်းရှူးမြို့တော်ဆီသို့အလည်တစ်ခေါက်

#ရှမ်းရိုးမထက်က_ထင်းရှူးမြို့တော်ဆီသို့အလည်တစ်ခေါက်

ကလောမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း တွင်တည်ရှိပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက် (၄၂၉၂) အမြင့်တွင် တည်ရှိတဲ့ တောင်ပေါ်မြို့လေးဖြစ်တာကြောင့် နိုင်ငံခြားခရီးသွားများ နှင့် ပြည်တွင်းခရီးသွားများ ချောင်းပေါက်မတက် လာရောက်လည်ပတ်လေ့ရှိတဲ့ မြို့ဆိုရင်လည်း မမှားပါဘူး။ကလောမြို့ဟာဆိုရင် ရာသီဥတုမျှတခြင်း ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများရှိခြင်း နှင့် ဒေသခံတိုင်းရင်းသားများရဲ့ နွေးထွေးပျူငှာစွာ ကြိုဆိုသော အပြုံးတို့ကြောင် လည်ပတ်လို့အကောင်းဆုံးမြို့လေးဖြစ်ပါတယ်။ကလောမြို့ကို ထင်းရှူးမြို့တော် လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ကလောမြို့အနှံ ထင်းရှူးပင်များ ပေါက်ရောက်လျက်ရှိပြီး တစ်မြို့လုံး ထင်းရှူးရနံ့ သင်းပျံမွှေးကြိုင် လျက်ရှိပါတယ်။

ကလောမြို့ကိုသွားရောက်မည့်ခရီးလမ်းကြောင်း

ကလောမြို့ကို လေယာဉ်၊ ကား၊ ရထား တို့ဖြင့်သွားလာနိုင်ပါတယ်။လေယာဉ်နဲ့ ဆိုရင်တော့ ဟဲဟိုးမှ တစ်ဆင့် ကလောမြို့ကိုကားနဲ့ ပြန်ဆင်းရပါမယ်။ ကားနဲ့သွားတာတော့ အစဉ်ပြေတာပေါ့၊ရိုးရိုးကား နဲ့ အထူးကား နှစ်မျိုးရှိပါတယ်။ရန်ကုန်မြို့မှ မနက်ကား နဲ့ ညကား နေ့စဉ်ထွက်ရှိပြီး ရိုးရိုးကားက တစ်ဦးကို (၁၃၀၀၀)ကျပ်ကျသင့်မှာဖြစ်ပြီး၊ အထူးကားကတော့ (၂၀၅၀၀)ကျပ် ကျသင့်မှာဖြစ်ပါတယ်။ရန်ကုန်ကနေ ည (၆း၃၀) ထွက်ရင် ကလောမြို့ကို နောက်နေ့ နံနက်စောစော (၃:၀၀) ဝန်းကျင် လောက်ဆိုရောက်ရှိပါပြီ။

ကားနဲ့သွားမယ်ဆိုရင်

၁။ မန္တလာမင်း ၂။ ရွှေမန္တလာ ၃။ ရွှေစင်စကြာင်္ ၄။ ရှမ်းမလေး ၅။ ရွှေတောင်ရိုး ၆။ ဒို့ညီနောင် ၇။ လုမ္မိနီ ၈။ Famous Express ၉။ JJ Express ၁၀။ E-Lite စသည့်ယာဉ်လိုင်း များ ပြေးဆွဲပေး လျှက်ရှိပါတယ်။ဆွီတီကတော့ Famous Express သွားဖြစ်ပါတယ်။

ကလောမြို့ မှာတည်းခိုဖို့ဆိုရင်

ကလောမြို့မှာ စျေးသက်သာပြီး သန့်တဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ အများကြီးရှိပါတယ်။ဆွီတီတို့ တည်းခဲ့တဲ့ ဟိုတယ်ကတော့ Seint Hotel ပါ၊ ကလောမြို့လည်မှာတည်ရှိပြီး သွားရလာရတာလည်း အစဉ်ပြေတယ်ရှင့်၊ ဟိုတယ်အခန်းလေးတွေက နေချင်စဖွယ် သန့်ရှင်းသပ်ရပ်တယ်၊ ကလောမြို့မစျေး၊ စားသောက်ဆိုင်များနှင့် အနီးနားမှာတည်ရှိလို့ ရွေးချယ်ဖြစ်ပါတယ်။ကလောမြို့ကို နံနက်စောစော ရောက်ရှိတဲ့ အတွက်အချို့ Hotel တွေကအခန်းလွတ်ရှိရင် Early Check In ပေးပါတယ်။တစ်ချို့ Hotel တွေကတော့ အခန်းခတစ်ဝက် ပေးဆောင်ရပါတယ်။

Seint Hotel – 30000 MMK / 35000 MMK
Phone Number – 09-5186003
Seint Hotel ကတော့ ပြည်ထောင်စုလမ်းမကြီး ဘေးမှာတည်ရှိပါတယ်။
အခြားစျေးသက်သာပြီး သန့်တဲ့ ဟိုတယ် နှင့် တည်းခိုခန်းတွေကတော့

1.New Shine Hotel – 20000 MMK / 25000 MMK Phone No – 09425018018

2.Nature Land Hotel 2 – 45000 / 55000 MMK Phone No – 08150545
No(24) Thida Street,In Frant of Middel School,Kalaw

3.Famous Hotel – 55000 / 65000 MMK
ရွှေတောင်ကြား(၂)လမ်း၊ရပ်ကွက်(၁)၊ကလောမြို့

4.360 Hotel – 53000 / 63000 MMK
အမှတ်(၁၂၈)၊ဝင်္ဂဘာလမ်း၊ရပ်ကွက်(၉)၊ကလောမြို့

5.Winner Hotel ect,

ကလောမြို့မှာ လည်ကြမယ်

ကလောနှီးဘုရား၊ ကလောရွှေဥမင်၊ အိုးစည်တောင်၊ ဗျိုက်တောင်၊ သိမ်တောင်၊ မြင်းမထိလှိုင်ဂူတော်၊ ကလောမြို့မစျေး၊ နှစ်တစ်ရာ Church၊ ကလောနာရီစင် နှင့် မောမြေဦးပန်းခြံ၊ ကလောဘူတာ၊ သရဲအိမ်ကြီး၊ Hill Top Villa Resort၊ Kalaw Heritage Hotel၊ ကလောသစ်သီးတန်းစသည်တို့ကို လည်ပတ်လို့ရပါတယ်။အခြားလည်ပတ်စရာ နေရာများလည်းရှိပါ​ေသးတယ်။
အထက်ပါနေရာများကို လျှောက်လည်ဖို့ဆိုရင် Hotel Reception မှာကား (သို့) ဆိုင်ကယ်လည်း ငှားလို့ရပါတယ်။လူအနည်းစုသွားမလား အများနဲ့သွားမလား ကားမျိုးစုံရှိပါတယ်။Service လည်းစိတ်ချရပါတယ်။ စျေးလည်းသင့်တယ်။
မြို့တွင်းခရီးစဉ် ၃၅၀၀၀ ကျပ် (နံနက် ၉း၀၀ မှ ညနေ ၅း၀၀ ထိ)
အခြားခရီးစဉ်များကို လည်း Hotel Reception မှာစုံစမ်းနိုင်ပါတယ်။

၁။ မြင်းမထိလှိုင်ဂူတော်
ဆီွတီတို့ ကတော့ ပထမအနေနဲ့ ကလောမြို့ရောက်ရင် မသွားမဖြစ်သွားရောက် ဖူးမျှော်ရမည့် မြင်းမထိလှိုင်ဂူတော် ကိုသွားရောက်ဖူးမျှော်လိုက်ပါတယ်။ လှိုင်ဂူတော်အတွင်းမှာ ဗုဒ္ဓရုပ်ပွားတော်များစွာကို ဖူးမျှော်နိုင်ပါတယ်။ အိပ်ပြန်လက်ဆောင်ဝယ်မယ်ဆိုရင် ဘုရားစျေးတန်း မှာဝယ်လို့ရတယ်နော်။

၂။ ကလောနှီးဘုရား
ကလောမြို့ကိုရောက်ရင် မရောက်မဖြစ်သွားရောက် ဖူးမျှော်ရမည့် နေရာထဲမှတစ်ခုဖြစ်တဲ့ ကလောနှီးဘုရားကိုသွားရောက် ဖူးမျှော်လိုက်ပါတယ်။ ရက်ကြီးခါကြီးဆိုရင် တောင်တက်လမ်းမှာ ဘုရားဖူးကားများ များတက်သည့်အတွက် လမ်းပိတ်စို့မှုတော့ ရှိတက်ပါတယ်။ ဘုရားကျောင်းဆောင်ထဲရောက်ရှိသည့်နှင့် ဖူးမျှော်ရှစ်ခိုးပြီး ဘုရားဖူးပြည်သူများအား လက်ဖက်သုတ်နှင့်ရေနွေးကြမ်း တည့်ခင်းဧည့်ခံပါတယ်။ ဘုရားစျေးတန်းမှာ လက်ဆောင်ပစ္စည်းဝယ်ယူလို့ရပါတယ်။ ပန်းချစ်သူတွေပါရင် စျေးတန်းမှာ ပန်းမျိုးစုံရောင်းချတဲ့ ဆိုင်တွေအများကြီးရှိပါတယ်။

၃။ ကလောရွှေဥမင်ဘုရား
ကလောရွှေဥမင်ဘုရားကတော့ စစ်တပ် နယ်မြေထဲမှာ တည်ရှိပါတယ်။ ဘုရားစေတီပုထိုးများစွာနဲ့ သပ္ပါယ်လှပါတယ်။ ကလောမြို့ရောက်ရင် သွားရောက်ဖူးမျှော်ရမည့် နေရာလည်း ဖြစ်ပါတယ်။

၄။ ဗျိုက်တောင်
မြင်းမထိလှိုင်ဂူတော်ကအပြန် ကလော – လွိုင်ကော် ကားလမ်းနံဘေးမှာတည်ရှိပါတယ်။သရုပ်ဆောင် ဗျိုက် ကွေကာ ကြော်ငြာထဲမှာပါဝင်လို့ ဗျိုက်တောင်လို့ နာမည်တွင်လာခြင်း ဖြစ်ပါတယ်။ဗျိုက်တောင်ကို နောက်ခံထားပြီး ဓာတ်ပုံလှလှ လေးတွေရိုက်ကူးလို့ ရသလို၊ တောင်ခြေမှ နှမ်းခင်းကြီးနဲ့ အတူ ဓာတ်ဖမ်းလို့ရသေးတယ်။

၅။ အိုးစည်တောင်
ကလောမြို့ရဲ့ View Point ကြည့်လို့ရတဲ့ နေရာများစွာထဲက တစ်ခုဖြစ်ပါတယ်။အနောက်ဘက်ကို လှမ်းကြည့်လိုက်ရင် ကလောမြို့ ကိုတွေ့မြင်ရမှာဖြစ်ပြီး အရှေ့ဘက်ကို လှမ်းမျှော်ကြည့်လိုက်ရင် အောင်ပန်းမြို့ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

၆။ နှစ်တစ်ရာကျော် Church ကျောင်း
ကလောရွှေဥမင်ကအပြန် ဝင်ရောက်လည်ပတ်လို့ရပါတယ်။ Church ကျောင်းကြီးကို နောက်ခံထား၍ ဓာတ်ဖမ်းလို့ရသလို ထင်းရှူးပင်တွေကြားမှာလည်း ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးလို့ ရပါတယ်။

၇။ ကလောနာရီစင် နှင့် မောမြေဦးပန်းခြံ
မင်းလမ်း၊ ဓမ္မစကြာလမ်း နှင့် တက္ကသိုလ်လမ်း တို့ဆုံရာ မှာတည်ရှိပါတယ်။ ကလောနာရီစင်မှာ ဓာတ်ပုံလှလှလေးတွေရိုက်ကူးပြီး မောမြေဦးပန်းခြံ ထဲမှာ ခဏအနားယူပြီး ထင်းရှူးတောထဲမှာ လျှောက်လည်လို့ရသေးတယ်နော်။

၈။ ကလောဘူတာ
နှစ်တစ်ရာကျော် သက်တန်းရှိပြီဖြစ်တဲ့ ကလောဘူတာမှာ ဓာတ်ဖမ်းတဲ့သူတွေနဲ့ ပြည့်နှက်နေပါတယ်။ရထားစီးချင်တယ်ဆိုရင်တော့ ရွှေညောင်ဘက်ကို ခုတ်မောင်းမည့်ရထားက နေ့လည် (၂:၀၀) လောက်ဆို ကလောဘူတာဆိုက်ရောက်ပြီနော်။

၉။ သရဲအိမ်ကြီး
ရုပ်ရှင်ကားတွေထဲမှာ ပါဝင်တဲ့ရှေးဟောင်းအိမ်ကြီးဖြစ်ပါတယ်။
ခြံထဲကို ဓာတ်ပုံဝင်ရိုက်လို့ ရတယ်နော်။ကျွန်မတို့ကတော့ မဝင်ဖြစ်ခဲ့ဘူး။

၁၀။ Kalaw Heritage Hotel
နှစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ Hotel ကြီးကိုနောက်ခံထားပြီး ဓာတ်ဖမ်းလို့ရတယ်နော်။ Hotel ရဲ့နံဘေးနားမှာ နှစ်တစ်ရာကျော် သက်တမ်းရှိပြီဖြစ်တဲ့ ညောင်ပင်ကြီး (Lovers Tree) ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

၁၁။ Hill Top Villa Resort
ကလောမြို့ရဲ့ View Point ထဲကတစ်ခုဖြစ်ပါတယ်။Hotel ဝင်ကြေး ၁၀၀၀ ကျပ်ကောက်ခံပြီး Hotel Reception မှာဝင်ခွင့် လက်မှတ်ပြလိုက်ရင် ကော်ဖီတစ်ခွက် ပြန်လည် ဧည့်ခံပါတယ်။

၁၂။ မြို့မစျေးကြီး
ဆီွတီတို့ တည်းခိုသည့် ဟိုတယ်နှင့် မြို့မစျေးကြီးက နီးနီးလေးပဲနော်၊ လမ်းလျှောက်ရင် (၁၀)မိနစ် လောက်ပဲကြာမြင့်ပါတယ်။မြို့တစ်မြို့ရဲ့ လူနေမှုကို သိချင်ရင် စျေးထဲသွားကြည့်တဲ့၊အရမ်းကို သန့်ရှင်းသပ်ရပ်ပြီး အမှိုက်တွေလည်းမတွေ့ရဘူး၊သစ်သီး၊သစ်ရွက်တွေက အရမ်းကိုလတ်ဆတ်ပြီး ၀ယ်ချင်စဖွယ်တွေပါပဲ၊

၁၃။ သိမ်တောင်
သိမ်တောင်ပေါ်မှ ကလောမြို့ နေဝင်ဆည်းဆာ ကိုတစ်ဝကြီးခံစားရင်းပေါ့…………

စားကြမယ်………ဟေ့

ရှမ်းအစားစာတွေထဲမှာ ရှမ်းထမင်းနယ်၊မုန့်ညှင်းဆော၊ဟင်းထုပ်၊အာလူးထောင်း၊မုန့်ညှင်းပေါင်း၊မှိုပေါင်း၊ငါးထမင်းနယ်၊ဆန်တို့ဟူး စသည်နှင့် ပဲပုတ်ကိုအခြေခံထားတဲ့ အစားစာနှင့် ကောက်ညှင်းကို အခြေခံထားတဲ့စားစရာ အမျိုးမျိုးတို့ဟာ လူကြိုက်များတဲ့ ရှမ်းရိုးရာ အစားအစာများ ဖြစ်ပါတယ်။ ဂျူးမြစ်လေးရယ်၊ငရုပ်ပွတောင့်ရယ်၊ကြက်သွန်ဆီချက်ရယ် ဖက်နံ့သင်းသင်းထဲမှာ တွဲဖက်စားသောက်ရတဲ့ ဟင်းထုပ်ဟာ နာမည်ကြီးလှပါတယ်။
ရှမ်းအစားအစာကြိုက်နှစ်သက်တယ် ဆိုရင်တော့ ကလောမြို့မစျေး ထဲက စားသောက်ဆိုင်တန်းတွေမှာ ရှမ်းအစားအစာ မျိုးစုံရရှိပါတယ်။ဟင်းထုတ်၊ ငါးထမင်းနှယ်၊ မြှီးရှည်၊ ကော်ရည်၊ ရှမ်းခေါက်ဆွဲ ကြိုက်တာစား တစ်ပွဲမှ (၅၀၀)ကျပ်ထဲပါ၊

ပြည့်ပြည့် ရှမ်းခေါက်ဆွဲဆိုင်

ကလောမြို့မှာ ရှမ်းခေါက်ဆွဲဆိုင်တွေကတော့ အများကြီးရှိပါတယ်။”ပြည့်ပြည့်” ဆိုင်ကတော့ ကလောမြို့မှာ လူသိများတဲ့ရှမ်းဆိုင်လေးပါ၊နိုင်ငံခြားခရီးသွားတွေလည်း အလာများပါတယ်။အစားအသောက်တွေလည်း တော်တော်သက်သာတယ်။ဆိုင်ကတော့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။

သုမောင်စားသောက်ဆိုင်

မြန်မာထမင်းဟင်းကောင်းကောင်းစားချင်တဲ့ သူတွေအတွက် “သုမောင်”ကတော့ ကလောမြို့မှာ နာမည်ကြီးတဲ့စားသောက်ဆိုင်ပါ၊တောင်ပေါ်ဒေသမှာ ပင်လယ်စာတွေတောင် ရရှိနိုင်တဲ့ဆိုင်ပါ။ဆိုင်ကတော့ ည(၈:၀၀)ပိတ်တာဆိုတော့ စောစောသွားဖို့တော့ လိုမယ်နော်။

Cafe Kalaw

အေးချမ်းတဲ့ ကလောမြို့မှာသဘာဝကော်ဖီစစ် တစ်ခွက်သောက်ရင်း အချိန်ကုန်ဆုံးချင်တဲ့ သူတွေအတွက် cafe kalaw ကိုသွားဖို့အကြံပေးချင်ပါတယ်။ဆိုင်လေးက ကလောနှီးဘုရားသွားတဲ့ လမ်းမပေါ်မှာတည်ရှိပါတယ်။ကော်ဖီသောက်ရင်း ကလောမြို့ရဲ့အလှကို တစ်ဝကြီး ခံစားလို့ရပါတယ်။
ဆွီတီ ကတော့ ရှမ်းအစားစာတွေပဲ စားဖြစ်တယ်။
ညဘက်ပျင်းနေရင် ဟိုတယ်မှ (၁၀)ခန့်လောက်လမ်းလျှောက်ရင် ကလောစျေးကြီးရှေ့မှာ စားသောက်ဆိုင်တန်းရှိတယ်နော်၊ ရှမ်းအစားအစာတွေ၊ အကင်တွေ၊ သစ်သီးတွေ စသည်တို့ကိုရောင်းချပြီး လူစည်းကားလှပြီး ညစျေးက အသက်၀င်နေပါတယ်။

ကလောမြို့မှနာမည်ကြီး Hot Pot ဆိုင်

ကလောမြို့ကို လာရောက်လည်ပတ်ကြသူတော်တော်များများ သိကြပါတယ်။Hot Pot အဝစား (၃၅၀၀) ဆိုင်နာမည်က “အောင်မို့မို့” တဲ့ Pine Breeze Hotel အနားတည်ရှိပါတယ်။ ဆိုင်ရှင်တွေကလည်းသဘောကောင်းတယ် ဖော်ရွေတယ်နော်။ဆိုင်လေးက ညနေ(၅:၀၀)လောက်မှစဖွင့်တာနော်၊ဆွီတီတို့ ကလောမှာနေခဲ့တဲ့ နှစ်ရက်လုံးရောက်ဖြစ်ခဲ့ပါတယ်။

လက်ဆောင်ပစ္စည်း၀ယ်ကြမယ်

လက်ဆောင်ပစ္စည်း၀ယ်ကြမယ်ဆိုရင်တော့ ကလောမြို့မစျေးကြီးမှာတော့ လတ်ဆတ်တဲ့ အသီးအနှံတွေ ဒေသထွက် ကော်ဖီစေ့၊ ကော်ဖီမှုံ့၊ လက်ဖက်ခြောက်၊ လက်ဖက်ဆို၊ ကြက်သွန် ဖြူ/နီ စသည်တို့ကို ၀ယ်ယူနိုင်ပါတယ်။ ဒေသထွက်သစ်သီးတွေ၀ယ်မယ် ဆိုရင်တော့ ဟိုတယ်မှ (၁၀)မိနစ်ခန့်လမ်းလျှောက်လိုက်ရင် ကလောမြို့အထွက် အဆင်းလမ်းမှာ ဆိုင်တန်းတွေအများကြီးရှိတယ်နော်၊ အဲ့ဒိမှာလည်း ဝယ်ယူလို့ရနိုင်ပါသေးတယ်။

ပြန်မည့်နေမှာ Hotel Check Out ကနေ့လည် (၁၂:၀၀) ဆိုတော့ ရန်ကုန်ပြန်မည့်ကားတွေက တောင်ကြီးကနေ ညနေ (၅:၃၀)ထွက်ရှိတော့ တစ်ချို့က ရထားနဲ့ ရွှေညောင်ထိလိုက်စီးပြီး ရန်ကုန်ပြန်မည့်ကားကို ရွှေညောင်ကစီးကြပါတယ်။ အချိန်ဖြုန်းနည်းတစ်မျိုးပေါ့၊ တစ်ချို့က Hotel Half Day ထပ်ယူကြပါတယ်။ ကားတော်တော်များများ ကလောကိုည (၈:၃၀)လောက်ဆို ရောက်ရှိပါပြီ။
ဆီွတီပြောပြလိုက်တာ ကလောမြို့လျှောက်လည်တာ တော်တော်များသွားပြီ အခြားလည်ပတ်စရာများစွာလည်း ရှိပါသေးတယ်။“ထင်းရူးမြို့တော် ကလောမြို့” ကို ကိုယ်တိုင်သွားရောက် လည်ပတ်ကြပြီး ကလောမြို့ရှိ သဘာဝအလှအပတွေကို တစ်ဝ​ကြီးခံစားကြပါလို့ ဆန္ဒပြုရင်း……………………
(မှတ်ချက် – ပညာရှင်မဟုတ်သော်လည်း သွားရောက်လည်ပတ်ကြမည့် သူငယ်ချင်း၊မိတ်ဆွေ များအား တစ်စိတ်ဒဒေသ သိရှိနိုင်ရန် ရည်ရွယ်ချင်းဖြစ်ပါတယ်။)

Leave a comment

Design a site like this with WordPress.com
Get started